address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, January 5, 2014

ကျောင်းပြင်ပပညာရေး လုပ်ငန်းအဖွဲ့ဝင်ဦးရေ ခြောက်ဆနီးပါး တိုးချဲ့မည်

ပညာရေး ပြုပြင်ပြောင်းလဲမှုများ အနက် တစ်ခုအပါအဝင် ဖြစ်သော ကျောင်းပြင်ပ ပညာရေးကို လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းအဖွဲ့ဝင် ဦးရေကို ယခင်ထက် ခြောက်ဆနီးပါး တိုးချဲ့သွားရန် ရှိကြောင်း ပညာရေးမြှင့်တင်မှု ကော်မတီတွင် ပါဝင်သော ကျောင်းပြင်ပ
ပညာရေးလုပ်ငန်း အဖွဲ့၏ အဖွဲ့ခေါင်းဆောင် (၂) ဦးခင်မောင်ထွေး က The Voice သို့ ပြောကြားသည်။

ကျောင်းပြင်ပ ပညာရေးကို အဖွဲ့ဝင် ငါးဦးဖြင့် လုပ်ဆောင်လာခဲ့သဖြင့် ယခုအခါ ကျောင်းပြင်ပ မူလတန်းအပြင် အလယ်တန်း သင်ရိုးကိုပါ ရေးဆွဲလျက်ရှိရာ လုပ်ငန်းအဖွဲ့ဝင် ၂၈ ဦးအထိ တိုးချဲ့ရန် နိုင်ငံတော် အစိုးရထံ တင်ပြထားကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါ တိုးချဲ့လုပ်ငန်း အဖွဲ့တွင် အဖွဲ့ခေါင်းဆောင် နှစ်ဦး၊ အဖွဲ့ဝင် ၂၁ ဦး နှင့် ရုံးအဖွဲ့ဝင် ငါးဦးတို့ ပါဝင်မည်ဖြစ်ပြီး ၄င်းတို့မှာ မြန်မာနိုင်ငံပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန၊ အခြေခံပညာဦးစီး ဌာနများ၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနနှင့် အခြား အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်း တို့က ဖြစ်ကြောင်း ကျောင်းပြင်ပ ပညာရေးလုပ်ငန်း အဖွဲ့က ထုတ်ပြန်ထားသည်။

"နိုင်ငံတော်ကပေးမယ့် ဘတ်ဂျက်ပေါ် မူတည်ပြီး သီးခြားပညာရေးဦးစီးဌာန ဒါမှမဟုတ် မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာနမှာ ရှိတဲ့ ကျောင်းပြင်ပ ပညာရေးဌာနစုကို ဌာနခွဲ အဲဒီလိုထားမယ်" ဟု ဦးခင်မောင်ထွေးက ဆိုသည်။

ထို့ပြင် ပဋိပက္ခ ဖြစ်ပွားနေသော ဒေသ၊ ပြည်တွင်းပြည်ပ စစ်ရှောင်ဒေသနှင့် ပြည်တွင်းသို့ ပြန်လည်ပြောင်းရွှေ့ ဝင်ရောက်လာသည့် ကလေးငယ်များ အတွက် UNICEF အပြင် ပြည်တွင်းပြည်ပ အလှူရှင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကျောင်းပြင်ပ ပညာရေးအသိုင်းအဝိုင်း ထံက သိရသည်။

မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ခွင့် မရဘဲ ကျောင်းပြင်ပတွင် ရောက်ရှိနေသော ကျောင်းနေအရွယ် ကလေးငယ် ကိုးသိန်း ရှိနေသည့်အပြင် အာဆီယံဒေသတွင်း ပညာရေးအဆင့် လက်လှမ်းမီရန် အတွက် ရန်ပုံငွေများ လိုအပ်နေသေးကြောင်း အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ၂၀၁၃ ခုနှစ် အောက်တိုဘာလ၂၉ ရက်နေ့မှ ၃၁ ရက် အထိ ပြုလုပ်သော Global Education First Initiative ပွဲတွင် ပညာရေး ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်က ပြောကြားကြောင်း UNICEF ကထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment