4.3.2014
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန် ကြိုးပမ်းနေချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့နှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေမှု အတွက် အစိုးရကို တစ်ဖက်သတ် အပြစ်တင်၍ မရကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။
ရန်ကုန်မြို့ ပန်ဒါ ဟိုတယ်တွင် မတ်လ ၃ ရက်နေ့က ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်း ဖိုရမ်တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့ သီးခြား အပစ်ရပ် လက်မှတ် ရေးထိုးချိန်တွင် စစ်သည်တော် ကျင့်ဝတ် (Military Code of Conduct) မပါသည့်အတွက် နှစ်ဖက် တပ်ဖွဲ့များ ထိပ်တိုက် တွေ့ပါက မလွှဲမရှောင်သာ တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ဒီအတွက် အစိုးရကို တစ်ဖက်သတ် အပြစ်တင်လို့ မရသလို တိုင်းရင်းသား အဖွဲ့အစည်းတွေ ကိုလည်း အပြစ်တင်လို့ မရဘူး” ဟု ချင်းအမျိုးသား တပ်ဦး (CNF) ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သူ ဒေါက်တာလျန်မှုန်းက ဆိုသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန်အတွက် ဘားအံမြို့တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် အပြီးသတ် တွေ့ဆုံညှိနှိုင်းရန် ကြန့်ကြာ နေမှုမှာလည်း လုပ်ငန်း ပြင်ဆင်မှု အရသာ အချိန် ရွေ့လျားသွားခြင်း ဖြစ်ပြီး အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များအကြား အခြေခံ သဘောတူညီချက် မပျက်ပြယ်ကြောင်း NCCT အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးခွန်ဥက္ကာက ပြောဆိုသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေ လေးဝါးစခန်းတွင် ကျင်းပသည့် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံအပြီး ဘားအံ ဆွေးနွေးပွဲ ဖြစ်မြောက်ရန် ကြန့်ကြာနေမှုနှင့် ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ၊ တအာင်း တပ်မတော် (TNLA)၊ ရှမ်းပြည်တောင်ပိုင်း တပ်မတော် (SSA) တို့နှင့် မြန်မာ့ တပ်မတော်တို့ စစ်ရေး တင်းမာမှုများ ဖြစ်ပေါ်နေမှု အပေါ် စိုးရိမ်ပူပန်ကြောင်း တိုင်းရင်းသား အဖွဲ့အစည်း အချို့က ထုတ်ဖော် ပြောကြားထားသည်။
သို့သော် ယင်းသို့ ထိတွေ့မှု အချို့ ဖြစ်ပွားခြင်းမှာ အောက်ခြေတပ်ဖွဲ့ အချင်းချင်း နားလည်မှု လွဲမှားမှုကြောင့်သာ ဖြစ်ပြီး ခေါင်းဆောင်ပိုင်းတွင် ယုံကြည်မှု ရရှိထားကြောင်း၊ တိုက်ပွဲကြီးများ ထပ်မံ ဖြစ်ပေါ်ရန် အကြောင်းမရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး တစ်ဦးက ရှင်းပြသည်။
ဖေဖော်ဝါရီလ အတွင်း အစိုးရနှင့် ကေအိုင်အေ၊ TNLA တို့အကြား တိုက်ပွဲအချို့ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ကျဆုံးမှုများ ရှိကြောင်း အဆိုပါ တိုင်းရင်းသား အဖွဲ့များက ပြောဆိုထားပြီး တပ်မတော်ကမူ မှောင်ခို စီးပွားရေး လုပ်ငန်းများကို လိုက်လံ ရှင်းလင်းစဉ် ထိတွေ့မှု ဖြစ်ခြင်းသာ ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုထားသည်။
The Voice Weekly
No comments:
Post a Comment