address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, December 26, 2013

အာရှလမ်းမကြီး ၂၀၁၄ မတ်လတွင် အပြီးသတ်ဖောက်လုပ်ရန် စီမံချက်ချလုပ်ဆောင်နေ

26.12.2013

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နှင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့သို့ ဆက်စပ်လျက်ရှိသည့် သံဖြူဇရပ် ဘုရားသုံးဆူ လမ်းဟောင်းအား နိုင်ငံတော်ဘတ်ဂျတ်ဖြင့် အာရှလမ်းမကြီးအဖြစ် ပြန်တည်ဆောက်လျက်ရှိရာ ၂၀၁၄ခုနှစ် မတ်လတွင် အပြီးတည်ဆောက်နိုင်ရန် စီမံကိန်း ချမှတ်ပေးထားသည်ဟု တာဝန်ယူဆောက်လုပ်နေသည့် ရွှေချောင်းဆုံကုမ္ပဏီ မှ ပြောရေးဆိုခွင့်ရှိသူ အကြီးတန်း အရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

အာရှလမ်းမကြီး ဖောက်လုပ်နေသည့် နေရာသည် DKBA နှင့် KNU တပ်များရှိသည့် နယ်မြေများဖြစ်ပြီး ဖောက်လုပ်ဆဲရှိသည့် လမ်းမကြီးအား ဖြတ်သန်းသွားလာခွင့်မပြုသေးသော်လည်း လက်ရှိတွင် ကရင်တပ်ဖွဲ့များ ဖြတ်သန်းသွားလာခြင်း ရှိနေ သည်ဟု DKBA ကလို့ထူးဘောစစ်ဌာနချုပ်၊ အထူးတပ်ဖွဲ့မှ ဗိုလ်ကြီးစောအေ၀မ်းက ပြောသည်။

လမ်းမကြီးမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်များ ဖောက်လုပ်ခဲ့စဉ်က လှည်းလမ်းတစ်ခုစာသာရှိပြီး ၂၀၁၃ အောက်တိုဘာ လမှစကာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော်ဘတ်ဂျတ်ဖြင့် ဆောက်လုပ်ရန် တိုင်းရင်းသားဒေသရှိ ကုမ္ပဏီများဖြင့် သဘောတူညီခဲ့ကြကာ ပေ ၄၀ အကျယ် မြေသားချဲ့ဆောက်လုပ်နေခြင်းဖြစ်သည်။

လုပ်ငန်းသဘောတူညီခဲ့သည့် အောက်တိုဘာတွင် ရာမည၊ Dragon Power၊ မန်းပြည်ဒဂုံ၊ King General၊ စွမ်းအာြး ပည့်၊ ရွှေချောင်းဆုံ၊ မြတ်လေးဟိန်း၊ Three K Star Powerစသော ကုမ္ပဏီရှစ်ခုနှင့် ပြည်သူ့ဆောက်လုပ်ရေးအဖွဲ့နှစ်ဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်နေကြပြိး ကုမ္ပဏီတစ်ခုကို ၄ မိုင်၊ ၅မိုင် အသီးသီး တာဝန်ယူထားကြရာ စုစုပေါင်း ကုမ္ပဏီ ၈ ခုမှ ၃၉ မိုင်နှင့် ပြည်သူ့ဆောက်လုပ်ရေးက ၂၅ မိုင် တာဝန်ယူထားသည်။

လက်ရှိအချိန်အထိ လမ်းချဲ့ကာ မြေဖို့ခြင်းလုပ်ငန်များ ၂၅ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ပေ၄၀ အကျယ် မြေသားတာဘောင်များ၊ တစ်ကြောင်းထိုး ပေ၆၀ လုပ်ငန်းများ ပြီးစီးနေပြီဟု လမ်းဖောက်လုပ်ရာတွင် တာဝန်ယူဆောင်ရွက်နေသည့် ရွှေချောင်းဆုံ ကုမ္ပဏီမှ ဦးဆန်းထွန်းက ပြောသည်။

လမ်းမအား AC ကတ္တရာဖြင့် စတင်ခင်းမည်ဖြစ်သည်။ ထို့နောက် ပြည်သူ့ဆောက်လုပ်ရေးမှ မြေသားအမာခံတာဘောင် လမ်းများအား တာဝန်ယူလုပ်ဆောင်ပြီး နောက်ဆုံးအဆင့်အဖြစ် အာမခံ AC နိုင်လွန်ကတ္တရာများပြန်ခင်းမည်ဖြစ်သည်။ လမ်းပိုင်းအား ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ချမှတ်ပေးထားသည့် လမ်းမြေပုံ ဒီဇိုင်းများဖြင့် လမ်းသိပ်သည်းမှု၊ တာဘောင်အမြင့်များအား ဆောက်လုပ်နေခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ဘတ်ဂျတ်အဖြစ် နိုင် ငံတော်မှ ၄.၂ဘီလီယံ ချထားပေးသည်ဟု ဆိုသည်။

ဦးဆန်းထွန်းက "ဒီ ၄.၂ ဘီလီယံက မလောက်ပါဘူး၊ ဒါပေမယ့် ဒီနှစ်မှာ ဒီဘတ်ဂျတ်ပဲ ချပေးထားတယ်၊ နောက်နှစ်ကိုတော့ ထပ်ချပေးမှာပါ၊ အခုအဆင့်က ပထမအဆင့်ပဲ ရှိသေးတယ်။ နောက်နှစ်တွေမှာ ဘတ်ဂျတ်အသစ်တွေချပြီး နောက်ထပ်လမ်း ကို ပြင် ဆင်မှုတွေ ထပ်မံတိုးချဲ့ လုပ်ဆောင်မှုတွေ လုပ်သွားမယ်" ဟုပြောသည်။

လမ်းတိုးချဲ့မှုများ ပြုလုပ်ရသဖြင့် ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံနှင့် စိုက်ပျိုးထားသည့် သီးနှံပင်များ၊ မြေယာများနှင့် အိမ်များ သိမ်းဆည်းမှုရှိခဲ့သည်။ လျော်ကြေးတစ်စုံတစ်ရာ ပေးချေမှုမရှိဘဲ ဒေသဖွံ့ဖြိုးရေးအတွက်ဖြစ်သဖြင့် ဖယ်ပေး ခဲ့ကြရသည်ဟု ဒေသခံအများစုက ပြောကြသည်။

ဘုရားသုံးဆူမြို့အတွင်း နေထိုင်ကြသူများမှာ စိုက်ပျိုးရေးလုပ်ငန်းများ၊ သစ်လုပ်ငန်းများလုပ်ကိုင်ကြပြီး လုပ်ငန်း လုပ် ကိုင်ကြသူ စီးပွားရေးလုပ်ငန်းရှင်တို့က လမ်းမကြီးဖောက်လုပ်ပြီးလျှင် တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်ရာတွင် လွယ်ကူ အဆင်ပြေနိုင်မည်ဟု သုံးသပ်ပြောဆိုကြသည်။

ဘုရားသုံးဆူမြို့တွင် နေထိုင်သည့် ဦးဘမိုးက "အရင်က မိုးတွင်းဆိုရင် လုံးဝသွားလို့ မရတော့ဘူး၊ နွေရာသီဆိုလို့ ပြည်မကို တက်ချင်တာပဲဖြစ်ဖြစ် တခြားတစ်မြို့ကို သွားဖို့ဆိုရင် ညတွေအိပ်ပြီး ခြေလျင်ခရီးသွားရတယ်၊ အခုလမ်းမကို သေချာဖောက် လုပ်နေပြီဆိုတော့ ကားနဲ့နာရီပိုင်းအတွင်း ရောက်တော့မှာပါ" ဟုပြောသည်။

ကရင်ပြည်နယ်အတွင်း အာရှလမ်းမကြီး ဖောက်လုပ်နေရာနယ်မြေသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ် နယ်မြေဖြစ်ပြီး ၂၀၀၇ခုနှစ်က လမ်းမကြီး ဖောက်လုပ်ခဲ့မှုကို KNU က တားမြစ်ခဲ့သေးသည်။ ၂၀၁၂ခုနှစ် ဇန်န၀ါရီလတွင် KNU နှင့် အစိုးရတပ်မတော်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးပြီးနောက် အဆိုပါအာရှလမ်း မကြီးစီမံကိန်း ကို ပြန်လည်အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment