3.12.2013
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၀န်သိုဘုန်းကြီးကျောင်း အတွင်း နှစ်နှစ်နီးပါးကြာ စစ်ရှောင်နေသော တာလောကြီးတိုက်နယ် စံကင်းကျေးရွာမှ ရွှေ့ပြောင်း ဒုက္ခသည်များသည် ပထမဆုံး အနေဖြင့် ဒီဇင်ဘာ ၂ ရက်က နေရပ်သို့ ပြန်လည် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
နေရပ်သို့ ပြန်လည်ပြောင်းရွှေ့သည့် အစီအစဉ်မှာ အစိုးရနှင့် ကေအိုင်အိုတို့၏ ညှိနှိုင်းမှုကြောင့် မဟုတ်ဘဲ ရွှေ့ပြောင်းဒုက္ခသည်တို့၏ ဆန္ဒအရ ပြည်နယ်အစိုးမှ တစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တင်ပြကာ လူမှုအဖွဲ့အစည်းများ၏ အကူအညီဖြင့် နေရပ်သို့ ပြောင်းရွှေ့ခြင်း ဖြစ်ကြောင်း သိရသည်။
နေရပ်သို့ ပြန်လည်ရွှေ့ပြောင်းသူ ဒေါ်ကြင်မြိုင်က ''မနှစ်ကရွာမှာ ပစ်ခတ်မှုတွေ ဖြစ်နေတော့ အသက်ဘေး၊ စားဝတ်နေရေးကအစ စိုးရိမ်နေရတယ်။ ဒါကြောင့် ပြေးလာရတာ။ အခုနောက်ပိုင်း ဒေသအေးချမ်းလာပြီ သိရလို့ အိမ်ပြန်နိုင်ဖို့ အထက်ကို စုပေါင်ပြီး တင်ပြတယ်။ ဒီမှာ နှစ်နှစ်ကျော် ကြာလာတော့ ကျောင်းနေအရွယ်ကလေးမုန့်ဖိုး၊ ဟင်းဖိုးကအစ ရှာရတာ မလွယ်ဘူး။ နေ့တိုင်းလည်း နေ့စားလိုက်လို့ မရဘူး'' ဟု ဆိုပါသည်။
ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ''ကချင်ပြည်နယ်အတွင်း နေရပ်ပြန်တာ ပထမဆုံးပါ။ WFP က စားနပ်ရိက္ခာ တစ်လစာ ထောက်ပံ့တယ်။ ဒီဒေသတွေက အေးချမ်းတယ် ယူဆလို့ ရပါတယ်။ ပြည်နယ်အစိုးရ ထိန်းချုပ်မှုအောက်မှာ ဒုက္ခသည် သုံးသောင်းကိုးထောင်ကျော် ရှိပါတယ်။ အခြားဒေသတွေက နေရပ်ပြန်ဖို့ အကူအညီတောင်းတာ မရှိသေးပါဘူး'' ဟု ပြောကြားသည်။
နေရပ်ပြန်သူများ အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တစ်အိမ်ထောင် ဆန်တစ်အိတ်၊ ငွေသုံးသောင်း ထောက်ပံခဲ့ပြီး တိုင်းမှူးဗိုလ်ချုပ် ထွန်းထွန်းနောင်က နေရပ်ပြန်သူများအား ''ကျွန်တော်တို့ ပြည်သူနဲ့ တစ်သားတည်း ရှိပါတယ်။ မန်စီဘက်မှာ ဖြစ်တာက ကူညီဖို့သွားရာမှာ သံသယနဲ့ တုံ့ပြန်လို့ တိုက်ပွဲဖြစ်တာပါ။ စစ်တပ်က မောင်းထုတ်လို့ နန့်လင်းပါကနေ မန်ဝိန်းကြီးကို ပြေးရတယ်ဆိုတာ မဟုတ်ပါဘူး။ ခင်ဗျားတို့ ရောက်ရင်လည်း တပ်မတော်က ကူညီမှာပါ။ ဘာမှသံသယ မဖြစ်ပါနဲ့'' ဟု နေရပ်ပြန်သူများအား ပြောကြားသည်။
Eleven Media Group

No comments:
Post a Comment