address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, December 3, 2013

ဒေါနအရှေ့ခြမ်းတွင် KED မူလတန်းကျောင်းသားများ စုံညီပွဲတော်ကျင်းပ


3.12.2013

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်ပညာရေးဌာန(KED) မှဖွင့်လှစ်ထားသော မှုလတန်းအဆင့် စာသင် ကျောင်း ၁၀ကျောင်း ပါဝင်သော ကျောင်းသားများ စုံညီပွဲတော်တစ်ရပ်ကို သေ့ဘောဘိုးကျေးရွာတွင် နိုဝင်ဘာလ ၃၀ရက်မှ ဒီဇင်ဘာ ၂ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့သည်။


ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ ဦးဆောင်သူတစ်ဦးဖြစ်သည့် နော်စန္ဒာဝိုင်းက “အခုလိုပြုလုပ်ရတာ ကျောင်းသားလေးတွေရဲ့ ကာယပိုင်း၊ ဥာဏပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေဖို့သာမက လူထုတွေရဲ့ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍတွေကိုလည်း ပိုမိုမြှင့်တင်စေဖို့ရာ ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ပါတယ်။”ဟု ပြောဆိုသည်။

သုံးရက်တာ ကျင်းပခဲ့သည့် ၎င်းကျောင်းသားများစုံညီပွဲတော်ကို သေ့ဘောဘိုး၊ ၀ါ့မီထာ့၊ မောကဲထာ့၊ လေးဝေါ်၊ တာအူထာ့၊ ကွီး လဲ့ရှု၊ သူးမွဲကဲ့နီ၊ သူးမွဲခီး၊ အူးကလေးထာ့နှင့် ပလဲဒို့ စသည့်ကျောင်းများမှ မှုလတန်း ကျောင်းသူကျောင်းသား ၁၄၀ဦးကျော်တို့ က ကာယပိုင်းဆိုင်ရာ အားကစားနည်းများ၊ ဥာဏပိုင်းဖွံ့ဖြိုးစေသည့် ဥာဏ်စမ်းပဟေဋ္ဌိများ ပြုလုပ်ပေးကာ ဆုများ ချီးမြှင့်ပေး ကြောင်းလည်း နော်စန္ဒာဝိုင်းက ဆက်ပြောသည်။

နိုဝင်ဘာလ ၃၀ရက်နေ့ နံနက် ၇နာရီက စတင်ခဲ့သည့် ကျောင်းသားစုံညီပွဲတော်တွင် ကျောင်းသူကျောင်းသားများ အပါအ၀င် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ နယ်မြေခံ ကရင်လူထုအခြေပြု အဖွဲ့အ စည်းတစ်ခုဖြစ်သည့် ကရင်လူ့အဖွဲ့အစည်းအခြေခံကွန်ယက်အဖွဲ့(Karen Community Based Network Group-KCBNG) နှင့် ကျေးရွာဒေသခံစုစုပေါင်း လူ ၂၀၀ဦးခန့် တက်ရောက်အားပေးခဲ့ကြသည်။

ပွဲတော်တက်ရောက်ခဲ့သူ တာအူထာ့ကျောင်းမှ နော်ဖောအယ်စိုးက “ကျမက ဒီလိုမျိုးတစ်ခါမှ မလာဖူးဘူး။ အခုလို လာရတော့ သူငယ်ချင်းအသစ်တွေ တိုးတယ်။ ဘောလုံးကစားရတာလည်း ပျော်တယ်။ မလာနိုင်တဲ့သူငယ်ချင်းတွေကိုလည်း ပြန်ပြောပြ မယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ သူးမွဲခီးကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ်သူ ဆရာစောဖိုးကွီးကလည်း ကျောင်းသားစုံညီပွဲတော်ပြုလုပ်ခြင်းအားဖြင့် ပညာရေးသာမက ကျောင်းသားများ အချင်းချင်း ရင်းနှီးမှုများရရှိသလို အတွေ့အကြုံကောင်းများ ရရှိသည့်အတွက် များစွာသော အကျိုးများကို ဖြစ်ပေါ်စေသည်ဟု ပြောဆိုသည်။

ကရင်ပြည်နယ် ဒေါနအရှေ့ဘက်ခြမ်းတွင် ကရင်ပညာရေးဌာန KED မှ ဖွင့်လှစ်ထားသော ကျောင်းပေါင်း ၃၂ ကျောင်းရှိသည့်အ နက် ၎င်းကျောင်းသားစုံညီပွဲတော်သို့ အခက်အခဲအမျိုးမျိုးကြောင့် မူလတန်းကျောင်း ၁၀ကျောင်းမှ ကျောင်းသားအချို့သာ ပါဝင် ဆင်နွဲနိုင်သည့်အတွက် လာမည့်နှစ်များတွင် ပိုမိုပါဝင်နိုင်ရန်လုပ်ဆောင်သွားမည်ဟု KCBNG က ပြောဆိုသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း၌ ၂၀၀၉ခုနှစ်မှ စတင်၍ KED မှ ဦးစီးသော ကျောင်းသားစုံညီပွဲတော်ကို အကြောင်း အမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့ဘဲ လေးနှစ်အကြာ ယခုနှစ်တွင်မှ ၅ကြိမ်မြောက်အဖြစ် ပြန်လည် ကျင်းပလာနိုင်ခြင်းဖြစ်သည်။

KIC

No comments:

Post a Comment