16.12.2013
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ရေးဆွဲလျက်ရှိသော နိုင်ငံ လုံးဆိုင် ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်းနှင့် အစိုးရက ရေးဆွဲထားသော နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေး မူကြမ်းတို့သည် အချက်အလက် အနည်းငယ်သာ ကွဲလွဲလျက် ရှိကြောင်း NCCT ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်းအတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာ ငြိမ်းချမ်းရေး စင်တာ (Myanmar Peace Center) တွင် ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် NCCT တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြား ခြင်းဖြစ်သည်။
“တော်တော်များများ တူညီပါတယ်။ ဒါပေမဲ့ တချို့နေရာတွေက သုံးနှုန်းတဲ့ ဝေါဟာရတွေ ကွဲလွဲတာ ရှိပါတယ်။ ဒါကလည်း ညှိနှိုင်းလို့ရမှာပါ” ဟု ၎င်းကဆိုသည်။
အဆိုပါ အစိုးရနှင့် ညှိနှိုင်းထားသော အပစ်အခတ် ရပ်စဲရေး မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြန်လည် ဆွေးနွေး ရမည် ဖြစ်သောကြောင့် မည်သည့် အချက်များ ပါဝင်ကြောင်း ကို ပြောကြားခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။
အဆိုပါ တူညီသော အချက်များကို သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသို့  ပြန်လည် တင်ပြသွားမည် ဖြစ်ပြီး ဒုတိယအကြိမ် ပြုလုပ်မည့် ဘားအံ ဆွေးနွေးပွဲ မတိုင်မီ အစိုးရနှင့် ထပ်မံဆွေးနွေးမည် ဖြစ်ကြောင်း NCCT မှ သိရသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင် ၁၃ ဦး ပါဝင်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကို KIO ဌာနချုပ် လိုင်ဇာတွင် နိုဝင်ဘာလ ပထမပတ်အတွင်း ပြုလုပ်သော တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင် များ ဆွေးနွေး ပွဲတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment