ကရင်ပြည်နယ် မြ၀တီမြို့နယ် ရွှေကုက္ကို ကျေးရွာ၌ ကရင်အမျိုးသားတို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ကရင်နှစ်သစ်ကူး ပွဲတော်နှင့် ကောက်သစ်စား ပွဲတော်ကို ပထမဆုံး
အကြိမ်အဖြစ် မြို့နယ်ငါးမြို့နယ်မှ ကရင်တိုင်းရင်းသားများနှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်များ ပူးပေါင်းပြီး ကရင်သက္ကရာဇ် ၂၇၅၃ သလေးတိုင်ခုတ်ဖို၊ ပြာသိုလဆန်း ၁ ရက် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက် နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ကရင်တိုင်းရင်းသားများစွာ တက်ရောက်ခဲ့ကြောင်း၊ နံနက် ၆ နာရီခွဲ အချိန်တွင် ကရင်အမျိုးသား အလံတော် လွှင့်တင်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြန်မာဘာသာ၊ ကရင်ဘာသာ စကားတို့ဖြင့် အမှာစကား ပြောကြားကြပြီးနောက် ကရင်ရိုးရာ ကောက်သစ်စားခြင်း မင်္ဂလာကို ဆက်လက် ဆင်နွှဲခဲ့ကြသည်။
အခမ်းအနားတွင် သဘာပတိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက အဖွင့်အမှာစကား ပြောကြားရာတွင် စစ်မှန်သော ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အဓိက ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့  ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့သုံးဖွဲ့သာ တက်ရောက်ခဲ့သော်လည်း လက်နက်မပါ စုံညီဝတ်စုံဖြင့် အင်အား ၇၀၀ ကျော် တက်ရောက် အလေးပြုခဲ့ကြပြီး တိုင်းရင်းသား တစ်သောင်းကျော် တက်ရောက်ခဲ့ကြသည်။
“ယခုနှစ် နှစ်သစ်ကူးပွဲတော်က ထူးခြားပါတယ်။ ခရာဇ်နှစ်နဲ့လည်း ကိုက်ညီနေတယ်။ ကရင်လက်နက်ကိုင် အချင်းချင်း ညီညွတ်ရေးအတွက် လက်နက်မပါတဲ့ ချီတက်အလေးပြုမှုတွေ၊ ကရင်ပြည်နယ်မြို့နယ် ငါးမြို့နယ်မှ တိုင်းရင်းသားတွေ စုပေါင်းကျင်းပ ခဲ့တာရယ်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးခင်ရီတို့လည်း တက်ရောက် ခဲ့ကြပါတယ်” ဟု နှစ်သစ်ကူးပွဲတော်ကာလ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ မန်းမျိုးမြင့်က ပြောကြားသည်။
ကရင်နှစ်သစ်ကူး ပွဲတော်သည် တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသသို့ ရောက်ရှိနေထိုင်ကြသော ကရင်မိသားစု ဘိုးဘွားများက ရှေးအခါမှစ၍ စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးလာ ခဲ့ကြရာ နှစ်စဉ်ကောက်ပဲ သီးနှံများကို ရိတ်သိမ်းသည့် နွေဦးကာလတွင် မိသားစုအလိုက် စုပေါင်း၍ ကောက်သစ်၊ ကောက်ဦးစားပွဲတော်ကို တပျော်တပါး ကျင်းပလာခဲ့ရာမှ ကရင်နှစ်သစ်ကူး ပွဲတော်အဖြစ် အစဉ်အလာတစ်ရပ် ဖြစ်လာခဲ့ကြောင်း သိရသည်။
အစီအစဉ်အရ မွန်းလွဲပိုင်းတွင် နှစ်နိုင်ငံ ချစ်ကြည်ရေး လက်ဝှေ့ပွဲများ၊ အပါအ၀င် ကရင်နှစ်သစ်ကူး ပွဲတော်၌ ကရင်ရိုးရာဒုံးအက ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ကရင်ဇာတ်ပွဲနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ တင်ဆက်မှုများ၊ ကရင်-မြန်မာ ခေတ်ပေါ်တေးဂီတအပြင် ရန်ကုန်မှ နာမည်ကြီး အဆိုတော်များ ဖျော်ဖြေသည့် ပျော်ပွဲရွှင်ပွဲများ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
(ဇန်န၀ါရီ ၁ ရက်က မြ၀တီမြို့နယ် ရွှေကုက္ကိုကျေးရွာ၌ ကျင်းပခဲ့သည့် ကရင်နှစ်သစ်ကူးပွဲတော်)
Eleven Media Group

No comments:
Post a Comment