address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 2, 2014

နားလည်ယုံကြည် စာနာမှုတို့ဖြင့် ထာဝရငြိမ်းချမ်းသည့် လူ့ဘောင်သစ်တစ်ရပ် လက်တွဲ ထူထောင်မည့် ၂၇၅၃ ခုနှစ် ကရင်နှစ်သစ်ကူးနေ့

နှစ်စဉ်ပြာသိုလဆန်း ၁ ရက်ရောက်တိုင်း မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ကရင်တိုင်းရင်းသားများနှင့် အတူ ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး ပျော်ရွှင်စွာ ကျင်းပကြသည်။
ယခုနှစ်တွင် ကရင်သက္ကရာဇ်
၂၇၅၃ ခုနှစ်ရှိခဲ့ပြီ ဖြစ်သည်။ ၁၉၃၄ ခုနှစ် ဗြိတိသျှလက်အောက် ပါလီမန်တွင် ကရင်အမျိုးသား ပါလီမန်အမတ် ''စောဂျွန်ဆင် ဒီဖိုးမင်း''က ကရင်နှစ်ဆန်း တစ်ရက်ကို အသိအမှတ် ပြုရန် အတွက် ကရင်လူမျိုးတို့၏ ရှေးယဉ် ကျေးမှုများကို လေ့လာပြီး ခရစ်နှစ် ၁၉၃၄ ခုနှစ်မှစ၍ ကရင် သက္ကရာဇ် ၂၆၇၃ ခုနှစ်ဟု သတ်မှတ်ကာ နှစ်ဆန်း တစ်ရက်နေ့ကို ''သလေလဆန်း ၁ ရက်''၊ မြန်မာ ပြာသိုလဆန်း ၁ ရက်နှင့် တိုက်ဆိုင်သည်ဟု အဆိုပြု တင်ပြခဲ့ရာ ပါလီမန်က သဘောတူ ဆုံးဖြတ်ချက် ချမှတ်သဖြင့် ခရစ်နှစ် ၁၉၃၇ ခုနှစ်မှစပြီး ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင်နှစ်သစ် မင်္ဂလာနေ့အဖြစ် ရုံးပိတ်ရက် သတ်မှတ်ပြဋ္ဌာန်း ပေးခဲ့သည်။ ''သလေ''၏ အဓိပ္ပာယ်မှာ ''လွတ်လပ်ခြင်း''ဖြစ်သည်။ တစ်နှစ်တာပတ်လုံး ပင်ပန်းကြီးစွာ လုပ်ခဲ့ရသော လုပ်ငန်းများ သိမ်းပြီးချိန်၊ အားလပ်ချိန်ဖြစ်၍ တောင်ပေါ်နေ ကရင်တိုင်းရင်းသူ၊တိုင်းရင်းသားများ  လွတ်လွတ်လပ်လပ် ပျော် မဆုံးသောလ ဖြစ်သည်။

ရှေ့လာမည့်နှစ်အတွက် တောင်ယာစိုက်ခင်းသစ်များ ရှာဖွေခြင်း၊ အိမ်သစ်ဆောက်ခြင်း၊ အိမ်ထောင် ပြုခြင်း စသည်တို့ပြုလုပ်ပြီး  အရှောင်ကင်းမဲ့သော လအဖြစ် သတ်မှတ်ထားသည်။ မြန်မာနိုင်ငံ အောက်ပိုင်း ရမည်းသင်း ခရိုင်နှင့် ပြည်ခရိုင်တို့၏ တောင်ပိုင်းမှစ၍ ရေးမြို့နယ်၊ ထားဝယ်မြို့နယ်၊  မြိတ်မြို့နယ်နှင့် ဝိတိုရိယ အငူတိုင်အောင် ပျံ့နှံ့ နေထိုင်ကြသည်။ တိုင်းရင်းသား ကရင်လူမျိုးများအနက် ရှို (ပိုး) ကရင်မျိုးကွဲတွင် ပါဝင်သော ပအိုဝ်း(တောင်သူ)တို့သည် တောင်ဘက် သထုံမြို့နယ်၊ ပဲခူးမြို့နယ်၊ တောင်ငူမြို့နယ်မှ ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့အထိ မြန်မာနိုင်ငံ အတွင်း တောင်နှင့်မြောက် တန်းလျက် နေထိုင်ကြသည်ကို တောင်ကြီး လွိုင်လင် ကားလမ်းဝဲ/ယာတွင် ပိုမိုတွေ့ရှိနိုင်သည်။ ၁၉၂ဝ ပြည့်နှစ် သန်းခေါင်စာရင်းအရ ယာယီအားဖြင့်  ပအိုဝ်းကို ရှို (ပိုး) ကရင်အုပ်စုထဲသို့ ထည့်သွင်းခဲ့သည်။ မြန်မာနိုင်ငံအတွင်း နေထိုင်လျက် ရှိကြသော တိုင်းရင်းသား ကရင်လူမျိုးများကို နေထိုင်ရာဒေသ အလိုက် တောင်ပိုင်းကရင်နှင့် မြောက်ပိုင်းကရင်ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။ တောင်ငူ-မော်ချီး ကားလမ်း တောင်ဘက်ရှိ ရှို(ပိုး)၊ စဝှော်(စကော)နှင့် ပကူးကရင်များ ကို တောင်ပိုင်းကရင်ဟူ၍ လည်းကောင်း၊ တောင်ငူ-မော်ချီး ကားလမ်းမြောက်ဘက်ရှိ ဘွဲနှင့် ပလချီးကရင် များကို မြောက်ပိုင်းကရင်ဟူ၍ လည်းကောင်း ခေါ်ဝေါ်ကြသည်။ ထို့အပြင် စစ်တောင်းမြစ် အရှေ့ဘက်ရှိ ကရင်တို့ကို အရှေ့ကရင် တိုင်းရင်းသားများဟုခေါ်ပြီး  စစ်တောင်းမြစ် အနောက်ဘက်ရှိ ကရင်တို့ကို အနောက်ကရင် တိုင်းရင်းသားများဟု  ခေါ်ဆိုကြ သည်။ အထူးသဖြင့် စဝှော် (စကော) ကရင် တိုင်းရင်းသား တို့တွင် စဝှော်(စကော)၊ ပကူး၊ ဖောနေပွာ၊ တလေပွာ အုပ်စုများ ပါဝင်ပြီး စဝှော်(စကော) အုပ်စုကို  အရှေ့စဝှော်(စကော)နှင့်   အနောက်စဝှော်(စကော) မြစ်ဝကျွန်းပေါ် စဝှော်(စကော)ဟူ၍ ထပ်မံ ခွဲပေးထားသည်။ ဘွဲကရင် တိုင်းရင်းသားများသည်  သံတောင်ကြီးမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသ တစ်လျှောက် နေထိုင်ကြသကဲ့သို့    ပလချီးကရင် တိုင်းရင်းသားများသည် သံတောင်ကြီးမြို့နယ်ရှိ  ခဲမဖြူတိုက် ပလေချောင်း (ပသိချောင်း) ဖျားရာ အရပ်ဒေသရှိ ပလချီး၊ ကျွဲဖြူ တောင်၊ တောပြာ ကလေး၊ တောပြာကြီး ၊ ငွေတောင်ကြီး၊ငွေတောင်ကလေး ကျေးရွာများ၌ နေထိုင်ကြသည်။

အရှေ့ရှို(ပိုး) ကရင်တိုင်းရင်းသားတို့တွင်''ချအိုင်လောင်''ခေါ် ''အော်ပွဲ''ဓလေ့ ရှိကြသည်။ အော်ပွဲဆို သည်မှာ လူပျို ကာလသားများ၏ ကာယဗလ ပြပွဲဖြစ်သည်။ လူပျို ကာလသားများသည် အင်္ကျီကိုချွတ်၊ ခါးတောင်းမြှောင်အောင် ကျိုက်၍ မိမိတို့၏ ကျန်းမာ ထွားကျိုင်းသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများနှင့် သန့်ရှင်းသော ကိုယ်ရေပြားကို အမျိုးသမီး ပရိသတ်ရှေ့တွင် ထုတ်ဖော်ဝင့်ကြွား ပြသသောပွဲ၊ လက်ခမောင်းကို တဖြောင်းဖြောင်းခတ်၍ လက်ဝှေ့ရေး ပြသသောပွဲ ဖြစ်သည်။ ယင်းပွဲသို့ ယောက်ျား မပီသသူများ၊ ကိုယ်ရေပြား

ရောဂါရှိသူများ၊ မမာမကျန်းသူများ မလာရောက်ကြပေ။ တစ်နည်းအားဖြင့် အော်ပွဲဆိုသည်မှာ အတန်းအစားမရွေး အရပ်လေးမျက်နှာ မှ ရောက်လာကြသော မောင်မယ်များ အော်ပွဲ၌ တွေ့ဆုံကြ၍ မိတ်ဖွဲ့ကြရာ၊ မိတ်ဆွေ အပေါင်းအသင်းများ ဖြစ်ကြပြီး မိမိတို့၏ ဖူးစာဖက် ရာသက်ပန် ပေါင်းဖက်သွားရမည့် ကြင်ဖော်ကို ရှာဖွေ ရွေးချယ်ကြရာ မောင်မယ်တူစုံ မေတ္တာပြိုင်ရာဖြစ်သောပွဲဖြစ်၍  အပျိုလူပျိုပွဲဟု လည်း ခေါ်ဆိုကြသည်။ အပျိုလူပျိုများသည် စာပေဗဟုသုတ နှံ့စပ်မှု၊ ကဗျာလင်္ကာ ဉာဏ်စွမ်းထက်မြက်မှု၊ ဇဝနဉာဏ်၊ ထိုးထွင်းဉာဏ်၊  ပင်ကိုဉာဏ်စွမ်းများကို အကြိတ်အနယ် ပြိုင်ဆိုင်သောပွဲဖြစ်သည်။ သီချင်းကြီး သီချင်းခံများ၊ ဇာတ်နိပါတ်များ၊ ရာဇဝင်များ၊ စကားထာ၊ ပဟေဠိများကို ကဗျာလင်္ကာ သီကုံး၍ အပြန်အလှန် အမေးအဖြေပြုလုပ်ကြသည်။ နှစ်စဉ် ကရင်နှစ်သစ်ကူးနေ့ ရောက်တိုင်း  သံတောင်ကြီး မြို့နယ်၌ တံခွန်တိုင်အဖိုနှင့် တံခွန်တိုင်အမများ စိုက်ထူသော အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ တံခွန်တိုင်များ စိုက်ထူရာ၌ တံခွန်တိုင်အဖိုကို အထူးဂရုပြု စိုက်ထူကြသည်။ ယင်းတံခွန်တိုင် အဖိုကို စိုက်ထူပြီးနောက် တံခွန်တိုင်အဖို၏ အဖျားမှာ အရှေ့ဘက်နှင့် မြောက်ဘက်သို့ကိုင်းညွှတ်ပါက နယ်မြေဒေသ တစ်ခုလုံး အေးချမ်း

သာယာပြီး ဆန်ရေစပါး ပေါများကာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစစအရာရာ ကောင်းမွန်၍ တံခွန်တိုင်အဖို၏ အဖျားသည် တောင်ဘက်နှင့် အနောက်ဘက်သို့ ကိုင်းညွှတ်ပါက နယ်မြေဒေသ တစ်ခုလုံး ဆန်ရေစပါးရှားပါးကာ ဘေးဒုက္ခ အသွယ်သွယ် ကျရောက်ကြောင်း ရှေးလူကြီးများက ယုံကြည်ခဲ့သည်။

ကရင်ပြည်နယ်သည် တောင်တန်းများ၊ မြစ်ချောင်းများ၊ သစ်တောမြေများ၊ သတ္တုမျိုးစုံ ပေါကြွယ်သည့် အပြင် ပြည်နယ်အတွင်း မှီတင်းနေထိုင်လျက် ရှိသော ကရင် တိုင်းရင်းသားများသည် ပင်ကိုသဘာဝမှာ အေးချမ်း ရိုးသားကြသည်။ အထူးသဖြင့် ''ကရင်''ဟူသော ဝေါဟာရသည် ပင်လျှင် စဝှော်(စကော)၊ ရှို(ပိုး)၊ ဘွဲအမျိုးသား အပေါင်းတို့ကို  ခေါ်ဝေါ်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် စဝှော်(စကော) ကရင် တိုင်းရင်းသားတို့ သည် မိမိတို့ကိုယ်ကို မိမိတို့ ''ပွာကညော'' ဟူ၍ လည်းကောင်း၊ ရှို(ပိုး)ကရင် တိုင်းရင်းသား တို့သည် မိမိတို့ ကိုယ်ကို မိမိတို့ ''ဖ္လုံ'' ဟူ၍ လည်းကောင်း အသီးသီး ဂုဏ်ယူစွာဖြင့် ခေါ်ဝေါ်ကြသည်။

ယခုအခါ ကရင်ပြည်နယ်ကြီး တစ်ခုလုံးသည် ငြိမ်းချမ်း သာယာနေပြီဖြစ်သည်။ လွန်ခဲ့သော ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၅ ရက်က ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား  နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ် စက်မှုလယ်ယာစနစ် တောင်သူပညာပေး ဧက ၅ဝဝ စိုက်ခင်းရှိ အစည်းအဝေး ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်။ ယင်းကဲ့သို့ တွေ့ဆုံခဲ့ရာ၌ နိုင်ငံတော် သမ္မတကြီးက ''သမိုင်းနှင့်ချီပြီး ရှည်ကြာလှပြီဖြစ်သည့် မိမိတို့အချင်းချင်း လက်နက်ကိုင် ပဋိပက္ခကို ဥက္ကဋ္ဌတို့ လက်ထက်မှာပင် အဆုံးသတ်ပြီး သမိုင်းတွင်ရစ်မည့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ရန် မိမိတို့ အနေဖြင့် ဆန္ဒပြင်းပြလျက် ရှိပါကြောင်း၊ ဥက္ကဋ္ဌအနေဖြင့်လည်း ငြိမ်းချမ်းသည့် လူ့ဘောင်သစ် တစ်ရပ်ကိုထူထောင်ရန် မိမိကဲ့သို့ ကြိုးပမ်း ဆောင်ရွက်နေသည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံရေးတွင် မတူကွဲပြားမှု အချို့ရှိမည် ဖြစ်သော်လည်း တိုင်းပြည် အတွက် အကျိုးရှိစေမည့် တူညီသည့် ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ တိုင်းရင်းသား အားလုံး တန်းတူညီမျှ အတူတကွ ခံစားစံစားနိုင်ရေးအတွက် မိမိတို့ အတူတကွ ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊ ပွင့်လင်းစ ပြုနေပြီဖြစ်သည့် မိမိတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လက်လွှတ်မခံဘဲ တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ ယုံကြည်မှုနှင့် စာနာမှုတို့ဖြင့် ထာဝရငြိမ်းချမ်းသည့် လူ့ဘောင်သစ် တစ်ရပ်ကို အတူတကွ လက်တွဲပူးပေါင်း ပြီး သစ္စာရှိရှိ၊ သတ္တိရှိရှိဖြင့် ထူထောင်ဆောင်ရွက်သွားကြပါစို့'' ဟူ၍ တိုက်တွန်း လိုပါကြောင်းစသည်ဖြင့် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံတော် သမ္မတကြီးသည် လွန်ခဲ့သော၂ဝ၁၃ ခုနှစ် ဇွန်  ၁ဝ ရက်၌ နေပြည်တော်ရှိ တောင်သူပညာပေး ဧက ၅ဝဝ စက်မှုလယ်ယာ စံပြစိုက်ခင်းအစည်း အဝေးခန်းမ၌  ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဦးရွက်ဆစ်နှင့် အဖွဲ့ဝင်များအား  လက်ခံတွေ့ဆုံခဲ့သည်။ ယင်းကဲ့သို့ တွေ့ဆုံရာ၌ နိုင်ငံတော် သမ္မတကြီးက မတူကွဲပြားမှုများကြောင့် ပဋိပက္ခ ဖြစ်ပွားခဲ့ကြသော်လည်း တူညီသည့် အချက်များလည်း ရှိပါကြောင်း၊  ကိုယ့်တိုင်းပြည်ကို ချစ်မြတ်နိုးသည့်စိတ်၊ ကိုယ့်တိုင်းပြည် ပြိုကွဲပျက်စီး သွားမည်ကို  မလိုလားသည့်စိတ်၊ ကိုယ့်တိုင်းပြည် အတွင်းမှ ခွဲမထွက်ဘဲ ရာသက်ပန် ဥမကွဲသိုက်မပျက် အတူနေထိုင်လိုကြသည့်စိတ် စသည်ဖြင့် တူညီကြပါကြောင်း၊   တိုင်းပြည်အတွက် တူညီသည်များကို  လက်တွဲပူးပေါင်း ဆောင်ရွက်ပြီး မတူညီသည်များကိုစိတ်ရှည်သည်းခံပြီး  အချိန်ယူညှိနှိုင်း ဆွေးနွေးခြင်းဖြင့် အဖြေရှာသည့်  နိုင်ငံရေး ပုံစံသစ်ကို မိမိတို့ သွားလိုပါကြောင်း၊ အနိုင်အရှုံး အဆုံးအဖြတ် ရယူခြင်းထက် အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ခြင်းသည်သာ တိုင်းပြည်အတွက် အကျိုးအမြတ် ရရှိစေမည်ဖြစ်ပါကြောင်းစသည်ဖြင့် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့ကြောင့် ကရင်တိုင်းရင်းသူ၊ တိုင်းရင်းသားများ နေထိုင်ကြသော ကရင်ပြည်နယ်တွင် မတူကွဲပြားမှု အချို့ရှိသော်လည်း တိုင်းပြည်အကျိုး ရှိစေမည့် တူညီသည့် ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ရာ နားလည်ယုံကြည် စာနာမှုတို့ဖြင့် ထာဝရငြိမ်းချမ်းသည့် လူ့ဘောင်တစ်ရပ် လက်တွဲထူထောင်မည့် ကရင်သက္ကရာဇ် ၂၇၅၃ ခုနှစ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားများကို ကရင် တိုင်းရင်းသားများ သာမက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း မှီတင်း နေထိုင်လျက် ရှိကြသော တိုင်းရင်းသားလူမျိုး ပေါင်းစုံ တို့သည် ပြည်ထောင်စုစိတ်ဓာတ် အပြည့်အဝဖြင့် ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိပါကြောင်း ဂုဏ်ပြု ရေးသားလိုက်ပါသည်။   ။

No comments:

Post a Comment