address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 14, 2014

ထိုင်းတွင် လတ်တလော နိုင်ငံရေး အခြေအနေများကြောင့် မြန်မာသို့ ၀င်ရောက်မည့် ထိုင်းခရီးသွား အခြေအနေ ခန့်မှန်းရခက်နေ




14.1.2014

လက်ရှိတွင် ဖြစ်ပွားနေသည့် ထိုင်းနိုင်ငံ၏ နိုင်ငံရေး အခြေအနေကြောင့် ထိုင်းလူထုမှာ လမ်းပိတ်ဆို့ကာ ဆန္ဒပြမှု ဖြစ်ပွားနေသောကြောင့် ထိုင်းသို့ သွားရောက် လည်ပတ်မည့် မြန်မာအပါအ၀င် ကမ္ဘာလှည့် ခရီးသွားများနှင့် ထိုင်းခရီးသွားများမှာ ခရီးစဉ်များ ဖျက်သိမ်းရန်နှင့် သွားရောက်ရန် စောင့်ကြည့်နေသည့် အနေအထား ဖြစ်နေကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။

“ကျွန်တော်တို့ ဆီကတော့ Meeting လုပ်မယ့် ထိုင်းတွေက ချိတ်ထားတာတော့ ဖျက်သိမ်းသွားပါပြီ။ ထိုင်းလေဆိပ်တွေတော့ မပိတ်သေးပါဘူး။ ခရီးစဉ်တွေ ဖျက်သိမ်းမှုတွေ ပိုရှိ၊ မရှိ ဆိုတာက ခရီးသွား လုပ်ငန်းမှာ ခန့်မှန်းလို့ မရပါဘူး။ ဘွတ်ကင်လုပ်ထားပြီး သားသူတွေကတော့ စရန်ငွေ သွင်းထားပြီး သားဆိုရင်တော့လည်း မဖြစ်မနေသွားမယ့် သူတော့ရှိနေမှာပဲလေ။ အခက်အခဲ မရှိဘူးဆိုပေမယ့် သတိတော့ ထားရမှာပေါ့လေ။ မြန်မာက သွားမယ့် သူတွေကတော့ ဒီအချိန်က ဆေးသွားကုတာ လောက်ပဲရှိတော့ ခရီးသွားလုပ်ငန်းက ခန့်မှန်းလို့ မရသေးတဲ့ အခြေအနေလို့ပဲ ပြောရမှာပဲ” ဟု ရှမ်းရိုးမ ခရီးသွားလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးလှအေးက သုံးသပ်သည်။

ထိုင်းနိုင်ငံ၌ ဇန်န၀ါရီ ၁၃ ရက်တွင် ဘန်ကောက်မြို့ တစ်မြို့လုံး ပိတ်ဆို့အောင် ဆန္ဒပြကြမည့် Bangkok Shutdown ပြုလုပ်နေကြသောကြောင့် သွားလာရေး ခက်ခဲမှုများ ဖြစ်ပွားနေကြောင်း နိုင်ငံတကာ သတင်းစာများတွင် ဖော်ပြပါရှိပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း ဇန်န၀ါရီ ၆ ရက်က အဆိုပါ ဆန္ဒပြပွဲ၌ မြန်မာလူမျိုးများ ပါဝင်ပတ်သက်ခြင်း မပြုရန် အသိပေး နှိုးဆော်စာ ထုတ်ပြန်ထားသည်။

ထိုသို့ ဆန္ဒပြပွဲပြုလုပ်ခြင်းကြောင့် လမ်းများပိတ်ဆို့မှု ဖြစ်ပွားသော်လည်း မြန်မာနိုင်ငံသို့ ထိုင်းခရီးသွား အ၀င်မှာ ကျဆင်းသွားရန် ရှိမရှိကိုလည်း ခန့်မှန်းထား၍ မရကြောင်း၊ အကယ်၍ ထိုင်းနိုင်ငံမှ လေဆိပ်ပိတ်ဆို့မှုများ ဖြစ်ခဲ့ပါကလည်း ထိုင်းနယ်စပ်များမှ မြန်မာသို့ ၀င်ရောက်နိုင်ခြေ ရှိနေသေးသောကြောင့် ထိုင်းခရီးသွား အခြေအနေကို ခန့်မှန်းရန် ခက်ခဲကြောင်း ခရီးသွား လုပ်ငန်းရှင်များထံမှ သိရသည်။

ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံကြားရှိ ၀င်ထွက်ပေါက်များမှာ တာချီလိတ်၊ ထီးခီး၊ မြ၀တီ၊ ကော့သောင်းတို့ ဖြစ်ကြပြီး နေ့စဉ်ခရီးသွား ၀င်ထွက်မှုမှာ ထောင်ချီလျက် ရှိနေကြောင်း သိရသည်။

“အခု ၁၅ ရက်ကို Bangkok Airway နဲ့ ယိုးဒယားလူမျိုး အယောက် ၂၀ ပါတဲ့ အဖွဲ့တစ်ဖွဲ့တောင် လာဖို့ရှိပါတယ်။ Bangkok Airway နဲ့ Air Asia က ဈေးသက်သာတဲ့ လေကြောင်းလိုင်းတွေဆိုတော့ ထိုင်းတွေ လာကြတာ တွေ့ရတယ်” ဟု ထိုင်းဧည့်လမ်းညွှန် ကိုစိုင်းဆိုင်လျှိုးက ခရီးသွား အခြေအနေကို ပြောပြသည်။

လက်ရှိတွင် မြန်မာမှထိုင်းသို့ သင်္ကြန်ရက်များနှင့် နှစ်သစ်ကူး၊ ခရစ်စမတ်နေ့များကဲ့သို့ သွားရောက်မှု များပြားခြင်း မရှိကြောင်း၊ ယခုအချိန်တွင် ဆေးကုသရန် သွားရောက်မှုများသာ ရှိသောကြောင့် ခရီးသွား နည်းပါးနေကြောင်း သိရသည်။

(ဇန်န၀ါရီ ၁၃ ရက်က ဘန်ကောက်မြို့ လမ်းဆုံတစ်နေရာတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများက လမ်းမကြီးကို ပိတ်ဆို့ထားစဉ်)

Eleven Media Group

No comments:

Post a Comment