address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 22, 2014

ဖက်ဒရယ်တပ်မတော်အရေးကို အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲများတွင် အချိန်ယူဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ လျာထား



22.1.2014

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပူးတွဲပါလာမည့် ဖက်ဒရယ်တပ်မတော်အရေးကို အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပြုလုပ်မည့်နိုင်ငံရေး ဆွေးနွေးပွဲများ၌ ထည့်သွင်းကာ အချိန်ယူဆွေးနွေးရန် လျာထားမှုများပြုလုပ်ထားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်နယ်မြေရှိ လော်ခီးလာစခန်း၌ ပြုလုပ်နေသော ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံသို့ တက်ရောက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ The Daily Eleven သို့ ပြောကြားချက်များအရ သိရသည်။

သို့သော် ထိုကိစ္စများကို လော်ခီးလာ ညီလာခံဆွေးနွေးမှုများနှင့် ဆုံးဖြတ်ချက်များ ထွက်ပေါ်မှသာ အတည်ပြု လုပ်ဆောင်သွားကြမည်ဖြစ်သည်။

"မူအရတော့ ပြည်ထောင်စုတပ်မတော်ကို ပြည်လည်ပြုပြင်ရမယ်ဆိုတာ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအပေါ် မူတည်တာကိုး။ ဒါကို ကျွန်တော်တို့နိုင်ငံရေး တွေ့ဆုံဆွေးနွေးတဲ့အခါ ဆွေးနွေးကြမယ်။ ကျွန်တော်တို့စာတမ်း(NCCT ၏ အပစ်ရပ်စာချုပ်မူကြမ်း)မှာတော့ ဖက်ဒရယ်တပ်မတော်ရယ်လို့ အာမခံချက်မပေးဘူး။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးတဲ့အခါ အာမခံချက်ရဖို့အတွက် အခုစာတမ်းမှာပါတယ်"ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောကြားသည်။

"တပ်ပိုင်းဆိုင်ရာကိစ္စကတော့ နောက်ပိုင်းဆွေးနွေးဖို့ သဘောတူထားတဲ့ ပုံစံမျိုးနဲ့သွားဖို့ ကျွန်တော်တို့က အခုဆွေးနွေးနေပါတယ်။ အခုဒီမှာတော့ တစ်ချက်တည်းနဲ့ မပြီးပြတ်နိုင်ဘူး။ အချိန်ယူရမယ်"ဟု KIA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကဆိုသည်။ သို့သော် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် တပ်မတော်ဆိုင်ရာ ကိစ္စရပ်များဆွေးနွေးရန် အချိန်မည်မျှကြာမည်ဆိုသည်ထက် အခြေခံအယူအဆများကို ဦးစွာဆွေးနွေးရမည်ဟု ၎င်းက ပြောကြားသည်။

"ကျွန်တော်တို့ဆီမှာ ဘယ်လိုအခြေအနေရှိသလဲ။ အခြေခံယူဆချက်ကဘာလဲ။ ကျွန်တော်တို့ရဲ့လိုအပ်ချက်က ဘာလဲဆိုတာ သုံးချက်ပေါ်မှာ အရင်ဆွေးနွေးနေတာ။ ဒီသုံးချက်ကို ကျွန်တော်တို့က အယူအဆရလာလိမ့်မယ်လို့ မျှော်လင့်တုန်း။ ကျွန်တော်တို့ပြောတဲ့ ဖက်ဒရယ်တပ်မတော်ကို ဘယ်ယူဆချက်ပေါ်မှာ မူတည်လဲ။ ညှိနှိုင်းနိုင်ဖို့ ဆွေးနွေးနေကြတုန်း။ အခုလက်ရှိအခြေအနေကို အရင်သုံးသပ်နေဆဲပါပဲ"ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီး ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များတွင် ဆွေးနွေးရန်အကြောင်းအရာရှစ်ခု ပြင်ဆင်ထားပြီး ထိုအထဲတွင် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ (Security Sector Reform) ကိစ္စရပ်လည်းပါဝင်ကြောင်း သိရသည်။ "မူဘောင်ဆွေးနွေးတဲ့အခါကျရင် ဆွေးနွေးရမယ့် အကြောင်းအရာအနေနဲ့ ကျွန်တော်တို့ ရှစ်ချက်တင်ထားတယ်။ အဲဒါတွေက ပြည်ထောင်စု အရင်းအမြစ်ပြဿနာတွေပေါ့နော်။ အဲဒီအရင်းအမြစ် ပြဿနာတွေထဲမှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာပါတယ်။ တိုင်းရင်းသားတွေရဲ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေပါတယ်။ စာပေယဉ်ကျေးမှုဆိုင်ရာ ပါတယ်။ ပြီးတော့ Security Sector Reform ဆိုပြီးတော့ နောက်ထပ်တစ်ခု သီးခြားလုပ်ထားတာရှိတယ်"ဟု NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။ Security Sector Reform(SSR) ဟုဆိုရာတွင် တပ်မတော်တစ်ခုတည်းမကဘဲ ရဲတပ်ဖွဲ့ဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်လာမည်ဟု ၎င်းက ပြောကြားသည်။

" Security Sector Reform ဆိုလို့ရှိရင်လည်း ပြည်ထောင်စုတပ်မတော်တင် မဟုတ်တော့ဘူး။ ပြည်ထောင်စုကြီးကို ဘယ်လိုဖွဲ့စည်းမလဲ။ ဖက်ဒရယ်နဲ့သွားမယ်ဆို ပြည်နယ်ရဲတပ်ဖွဲ့တွေ ဖွဲ့စည်းဖို့လိုမယ်။ အဲဒါတွေ ဘယ်လို ဖွဲ့စည်းမလဲ။ ပြီးလို့ရှိရင် ပြည်ထောင်စုတပ်မတော်ကို ပြန်လည်ဖွဲ့စည်းတဲ့နေရာမှာ လက်ရှိအနေအထားတိုင်း ကျွန်တော်တို့ ဆက်ပြီးတော့သွားမလား။ ဆက်သွားမယ်ဆိုရင် ဒါလည်း ဆွေးနွေးဖို့လိုတယ်။ ဘယ်တပ်ရင်းမှာ ဘယ်လိုပုံစံမျိုးနဲ့ ဆွေးနွေးဖို့လိုတယ်"ဟု ၎င်းကဆိုသည်။

နိုင်ငံတစ်နိုင်ငံတွင် တပ်မတော်တစ်ခုတည်းသာရှိသင့်ပြီးလက်ရှိတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ မည်သို့မည်ပုံ ပူးပေါင်းရမည်ဆိုသည်မှာ ဆွေးနွေးရမည့်ကိစ္စဖြစ်သည်ဟု ၎င်းကဆိုသည်။

"တိုင်းပြည်တစ်ခုမှာ တပ်မတော်တစ်ခုပဲရှိသင့်တယ်။ အဲဒီတပ်မတော်တစ်ခုပဲရှိတဲ့ဟာကို ကျွန်တော်တို့ပေါင်းပြီးတော့ အကောင်းဆုံး ဘယ်လိုဖန်တီးမလဲ"ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။ ထိုကဲ့သို့ အကောင်းဆုံးတစ်ခု ဖန်တီးရာ၌ ၁၉၄၆ ခုနှစ် ကန္ဒီစာချုပ်အရ ဖြေရှင်းသည့် နည်းလမ်း၊ လက်ရှိ တပ်မတော်ဖွဲ့စည်းပုံအတိုင်း ဖြေရှင်းသည့် နည်းလမ်းနှင့် အခြားနည်းလမ်းဟူ၍ ပုံစံသုံးမျိုးစဉ်းစားထားကြောင်း သိရသည်။

"ကျွန်တော်တို့က နှစ်ဖက်တိုင်ပင်ပြီးတော့မှ ပြည်ထောင်စုရဲ့ တစ်ခုတည်းသော တပ်မတော်ကို ဘယ်လိုဖွဲ့စည်းမလဲ။ ကျွန်တော်တို့ ဟိုတုန်းက ကန္ဒီစာချုပ်အရ ၁၉၄၆ မှာ သဘောတူလိုက်တဲ့ ကန္ဒီစာချုပ်အရ သွားမလား။ သို့တည်းမဟုတ် လက်ရှိဗမာ့တပ်မတော် ဖွဲ့စည်းပုံအတိုင်း သွားမလား။ သို့တည်းမဟုတ် နည်းလမ်းတစ်ခု ရှာမလား။ အဲဒါကျွန်တော်တို့ တိုင်ပင်ဖို့လိုတယ်။ အခုလက်ရှိ ဗမာ့တပ်မတော်ထဲမှာ ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ဘယ်လိုပြန်ပြီးတော့ ပူးပေါင်းပါဝင်စေချင်လဲ။ အဲဒါတွေက မစဉ်းစားလို့မရဘူး။ မတိုင်ပင်လို့မရဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ဆွေးနွေးဖို့ လိုတယ်ဆိုတာ ပြောတာဖြစ်တယ်။ စိန်ခေါ်တာမဟုတ်ဘူး။ တိုင်ပင်ဖို့လိုတယ်ဆိုတာ ပြောတာဖြစ်တယ်"ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။

Eleven Media Group

No comments:

Post a Comment