address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, March 5, 2014

ကရင်လူထုတွေနှင့် ကေအန်ယူ ရန်ကုန်တွင် တွေ့ဆုံ




5.3.2014

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့ ညနေပိုင်းက ရန်ကုန်မှာ ရှိတဲ့ ကရင်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ စောမူတူးစေးဖိုးအပါအ၀င် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောတာဒိုမူးနဲ့ ဗိုလ်မှူးကြီး စောတူးတူးလေးတို့က ရန်ကုန်မှာရှိတဲ့ ကရင်လူမှုအဖွဲ့အစည်တွေကို တွေ့ဆုံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ရှင်းလင်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ကေအန်ယူအနေနဲ့ ကရင်လူမှုအဖွဲ့စည်းနဲ့ တွေ့ဆုံရတဲ့ကြောင်းနဲ့ ပတ်သက်ပြီး ကေအန်ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က အခုလို ပြောပါတယ်။

“ကျနော်တို့ ကေအန်ယူရဲ့ ယနေ့လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို ကရင်ပြည်တွေကို အသိပေးတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တိုးတက်မှုအခြေအနေတွေကို ပြောပြတယ်။ ဘာဖြစ်လို့ လုပ်ရလဲဆိုတော့ ကေအန်ယူက ကရင် တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတခု ဖြစ်တယ်။ ကေအန်ယူက ဒီနေ့ ဆောင်ရွက်နေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ကျနော်တို့ အမျိုးသားတွေ သိဖို့ လိုအပ်တယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တမျိုးသားလုံးရဲ့ ထောက်ခံမှု ပံ့ပိုးမှုက လိုအပ်တယ်။ မှန်မှန်ကန်ကန် ထောက်ခံဖို့ဆိုတာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အခြေအနေ မှန်မှန်ကန်ကုန် သူတို့ သိမှလည်း မှန်မှန်ကန်ကန် ထောက်ခံနိုင်မှာ ဖြစ်တယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ လုပ်တာ ဖြစ်ပါတယ်။”

ဒီတွေ့ဆုံပွဲကို ရန်ကုန်က မြန်မာ ကွန်ဗင်းရှင်းစင်တာမှာ မတ် ၄ ရက်နေ့ ညနေပိုင်းက တွေ့ဆုံခဲ့တာ ဖြစ်ပြီး ကရင်ပါတီတွေအပြင် အရပ်ဘက်လူအဖွဲ့အစည်းတွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတွေလည်း ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့ကြပါတယ်။

ဒီ တွေ့ဆုံပွဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအပြင် သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီးတော့လည်း အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ကရင်ပြည်သူ့ပါတီရဲ့ ဒုဥက္ကဋ္ဌ စောစေးဝါးက ပြောပါတယ်။

“ကိစ္စက ၂ ခုပေါ့။ တခုက ငြိမ်းချမ်းရေးကိစ္စ အခြေအနေ ဘယ်လိုရှိလဲ။ နောက်တခါ ကေအန်ယူရဲ့ သဘောထားကို သူတို့ကို ရှင်းပြပါတယ်။ သန်းခေါင်စာရင်းကိစ္စနဲ့ ပတ်သက်ရင် အစိုးရအနေနဲ့ ဘယ်လို ကိုင်တွယ်ပေးမယ်။ ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတာ တိုင်ပင်တာပါ။ အဓိကက အဲဒီ ၂ ချက်ပါပဲ။”

ကေအန်ယူအနေနဲ့ သူတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကရင်လူထုတွေနဲ့ တွေ့ဆုံ ရှင်းပြတာဟာ ကောင်းတဲ့တွေ့ဆုံမှု ဖြစ်ပြီး ကရင်လူထုတွေကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်မယ်လို့လည်း စောစေးဝါးက ပြောပါတယ်။

ကေအန်ယူအနေနဲ့ ပြီးခဲ့တဲ့လကလည်း ကေအန်ယူ ဒူးပလာယာကခရိုင်က လူထုတွေကို အခုလို တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ပြီး မကြာခင်မှာလည်း ညောင်လေးပင်ခရိုင်က ပြည်သူတွေနဲ့ တွေ့ဆုံမှုတွေ လုပ်ဖို့ အစီအစဉ် ရှိနေပါတယ်။

DVB

ကရင်အမျိုးသားအစည်းအရုံးနဲ့ ကရင်ပြည်သူတချို့ တွေ့ဆုံနေစဉ်

No comments:

Post a Comment