address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, March 5, 2014

ဘင်္ဂါလီဒုက္ခသည်များကို ပြန်လက်ခံရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တောင်းဆိုမှု မြန်မာသမ္မတပယ်ချ


5.3.2014

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိနေသည့် ဘင်္ဂါလီ ဒုက္ခသည်များကို မြန်မာ အစိုးရက ပြန်လက်ခံပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina ၏ တောင်းဆိုမှုကို သမ္မတဦးသိန်းစိန်က ငြင်းဆို ပယ်ချခဲ့ကြောင်း သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်းဆိုင်ရာ ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (BIMSTEC) တတိယ ထိပ်သီးညီလာခံသို့ တက်ရောက်ရန်အတွက် မတ်လ ၃ ရက်နေ့က မြန်မာနိုင်ငံ ရောက်ရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရှိနေသည့် မြန်မာ ရိုဟင်ဂျာ တိုင်းရင်းသားများ (မူရင်းအသုံးအနှုန်း) ကို မြန်မာအစိုးရက ပြန်လည် လက်ခံပေးရန် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် တိုက်တွန်း ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ယင်းသတင်းနှင့် ပတ်သက်၍ သမ္မတရုံးသို့ ဆက်သွယ် မေးမြန်းရာ ၎င်းကယင်းသို့ ပြန်လည် ပြောကြားခြင်း ဖြစ်သည်။
“ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ကမ်းလှမ်းခဲ့တာတော့ အမှန်ပါ။ ဒါပေမဲ့ သူတို့တွေက မြန်မာနိုင်ငံသား မဟုတ်တဲ့ အကြောင်း၊ သူတို့ကို ပြန်လက်ခံမည် မဟုတ်တဲ့အကြောင်း သမ္မတကြီးက ပြန်ပြီး ငြင်းဆိုလိုက်ပါတယ်” ဟု အဆိုပါ သမ္မတရုံး အကြီးတန်း အရာရှိက ရှင်းပြသည်။

ထို့အပြင် အဆိုပါ ဒုက္ခသည်များကိစ္စကို ဖြေရှင်းရန်အတွက် နှစ်နိုင်ငံ မျက်နှာစုံညီ ဆွေးနွေးမည်ဟု ဦးသိန်းစိန်က ကတိပေး ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ဘင်္ဂလားဒေ့ရှ် သတင်းဌာန အချို့တွင် ရေးသား ဖော်ပြထားမှုကိုလည်း “ဘင်္ဂါလီ အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပွဲတွေ လုပ်မယ်လို့ သမ္မတဦးသိန်းစိန် ကတိပေးခဲ့တာ မရှိပါဘူး” ဟု ၎င်းက ထပ်လောင်းရှင်းပြသည်။

မြန်မာနိုင်ငံသို့ မတ်လ ၄ ရက်နေ့က ရောက်ရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သည် ၎င်း၏ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် နာယက သူရဦးရွှေမန်း အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး အပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း အဆိုပါ သမ္မတရုံး တာဝန်ရှိသူက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး ယခုခရီးစဉ်သည် ဒုတိယအကြိမ် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment