25.12.2013
ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသတွင် ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက လက်ပံတောင်းတောင်စီမံကိန်း သိမ်းဆည်းခံမြေယာများ အရေးအတွက် ဒေသခံတောင်သူများက ဆည်တည်တည်း-ဇီးတောရွာသစ်ရှိ ဆက်ဆံရေးရုံးတွင် သွားရောက်တောင်းဆိုခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်က သွားရောက်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဒေသခံ ရွာသူရွာသား တစ်ရာကျော်က ကိုယ်ပိုင်အစီအစဉ်များနှင့် သွားရောက်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အရင်က လက်ပံတောင်းဒေသမှာ မှိုရှာ၊ မျှစ်ချိုး၊ ဟင်းရွက်ခူး ကြိုက်တာလွတ်လွတ်လပ်လပ် လုပ်လို့ ရတယ်။ အခုတော့ သံဆူးကြိုးတွေ အခတ်ခံရတာတွေရယ် စိုက်ခင်းက သီးနှံတွေ ဖျက်ဆီးခံရတာတွေကို သွားရောက်တားမြစ် တောင်းဆိုခဲ့ကြတယ်။ သံဆူးကြိုးတွေကို ယာခင်းဖြတ်ပြီးခတ်တာတွေ ဖြုတ်ပေး ဖို့နဲ့ သီးနှံလျော်ကြေးပေးဖို့ တောင်းဆိုခဲ့ကြတယ်။ ဦးပိုင်ကုမ္ပဏီက တာဝန်ရှိသူ ဦးလှစိန်ရယ် ဆားလင်းကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းတို့နဲ့ တွေ့ပါတယ်။
ဦးလှစိန်က ပြောတာကတော့ လက်ပံတောင်းဒေသက မြေဧက ၇၈၀၀ ကျော်က လန-၃၉ နဲ့ သတ္ထုတွင်း ၀န်ကြီးဌာနက သိမ်းပြီးခဲ့လို့ စီမံကိန်းကို လုပ်ဆောင်သွားမှာဖြစ်ပြီး ဒေသခံတွေရဲ့ တောင်းဆိုချက်ကိုတော့ အထက်ကို တင်ပြပေးမယ်လို့ ပြောပါတယ်။ ဦးလှစိန်ကတော့ ဆက်ဆံရေးရုံးကို သွားလိုက်တိုင်း ဒီလို အကြိမ်ပေါင်းများစွာ ပြောပေမယ့် ထူးမလာပါဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းကတော့ ဒေ သခံတွေက ဆက်ဆံရေးရုံးက ဖြေရှင်းမပေးရင် တရားစွဲသင့်သူတွေကို တရားစွဲမယ်ဆိုတော့ ဦးကျော်သောင်းက မြို့နယ်က ဆုံးဖြတ်လို့မရလို့ ဒေသခံတွေအနေနဲ့ ခရိုင်အထိ တင်ပြချင်ရင် ကားနဲ့လိုက် ပို့ပေးမယ်လို့ ပြောပါတယ်” ဟု လက်ပံတောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
လက်ပံတောင်းတောင် စီမံကိန်းအတွက် လျော်ကြေးမယူထားသော မြေယာများတွင် သီးနှံဖျက်ဆီး ခံရမှုကို လျော်ကြေးပေးရေး၊ သံဆူးကြိုးများ ဖြုတ်ပေးရေးတို့အတွက် ဒေသခံများက ဥပဒေအတွင်းမှ ဆက်လက်တောင်းဆိုမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။
(လက်ပံတောင်းဒေသခံများ ဆက်ဆံရေးရုံးရှေ့၌ တောင်ဆိုနေကြစဉ်)
EMG
No comments:
Post a Comment