address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 23, 2013

ယုံကြည်မှုတည်ဆောက်နိုင်လေလေ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းတွေ များလာလေလေဟု ဦးကိုကိုကြီးပြော


23.12.2013

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရန်အပေါ် သဘောထားအမြင်များအား မြန်မာ့ခေတ်မီဒီယာမှ မေးမြန်းခဲ့ရာ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးမှ“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပြဿနာတွေ ပေါ့နော်။ အဲဒါတွေအကုန်လုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကျပ်အတည်းထဲမှာ လာပြီးတော့ပိတ်နေတယ်ဆိုတော့ အရေးကြီးဆုံးပြဿနာဆိုရင် တိုင်းရင်းသားပြဿနာပဲ။ တိုင်းရင်းသား တန်းတူညီမျှရေးပြဿနာကို ကိုင်တွယ်ဖို့ဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကို မဖြစ်နိုင်ဘူး။
အဲဒီတော့ တခြား ဒီမိုကရေစီအရေးပြဿနာ၊ လူ့အခွင့်အရေးပြဿနာအားလုံးဟာ ဥပဒေအားလုံးရဲ့အချုပ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ သွားတည်နေတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆိုတာ ကျွန်တော်တို့ ၈၈ မျိုးဆက် အနေနဲ့လည်း အခိုင်အမာပြောထားပြီးသားပါ။ အခုကျွန်တော်တို့ လက်တွေ့ဆောင်ရွက်တဲ့အပိုင်းမှာ ဘယ်လိုပြင်မလဲဆိုတာကိုပဲ ကျွန်တော်တို့ ဆွေးနွေးကြရမှာပါ။ အဲဒီတော့ ကျွန်တော်တို့ ပြင်ချင်တဲ့အချက်တွေလည်း ကျွန်တော်တို့ ပြုစုထားတာ နိုင်ငံရေးပါတီတွေဘက်မှာရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်မှာရော အသီးသီး ပြင်ဆင်ထားပြီးသား။ ဘယ်နှစ်ချက်ပြင်မလဲဆိုတာ။ အဲဒီအချက်တွေကို ဘယ်လိုပြင်မလဲဆိုတဲ့ဟာကို အဲဒါကို ကျွန်တော်တို့ ကြိုပြီးတော့ စဉ်းစားထားကြဖို့လိုမယ်။ တစ်ဖက်က ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးလို့ ပြောတာသည် ယာယီအားဖြင့်ကတော့ လက်တလော ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံထားရတယ်ဆိုတဲ့ သဘောတော့ သက်ရောက်တယ်။ အဲဒီတော့ ပြင်ဆင်ဖို့ နည်းလမ်းကို ရွေးချယ်တဲ့အခါမှာလည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း လုပ်ထုံးလုပ်နည်းတွေကိုပဲ ကျင့်သုံးရတဲ့ သဘောရှိတယ်။ အဲဒီတော့ တစ်ဖက်ကကျတော့ ဒီလက်ရှိ လွှတ်တော်ဟာ နိုင်ငံရေးအရ ကိုယ်စားပြုမှု အားနည်းတဲ့အတွက်ကြောင့် လွှတ်တော်တွင်းမှာ မရှိတဲ့ နိုင်ငံရေးအရ အရေးပါတဲ့ အင်အားစုတွေ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ၂၀၁၀နဲ့ ၂၀၁၂ ရွေးကောက်ပွဲမှာ မ၀င်ခဲ့တဲ့ တိုင်းရင်းသားနိုင် ငံရေးပါ တီတွေ၊ နိုင်ငံရေးအင်အားစုတွေအနေနဲ့ကတော့ လွှတ်တော်ပြင်ပဆွေးနွေးပွဲတွေ ဆက်ရှိနေမှာပဲ။ လူထုဆန္ဒဖော်ထုတ်တယ်ဆိုတာ ကလည်း ဒီမိုကရေစီနိုင်ငံတွေမှာ ရှိနေတာပဲ။ ဆိုတော့ အဲဒီဟာတွေကို လွှတ်တော်နိုင်ငံရေးကို သုံးပြီးတော့ လွှတ်တော်ရဲ့ ယန္တရား ကို သုံးပြီးတော့ ဖွဲ့စည်းပုံကို ပြင်ရမယ်။ တစ်ဖက်ကကျတော့ လက်ရှိလွှတ်တော် ကိုယ်စားလှယ်အများစုရထားတဲ့ ပါတီ၊ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်တွေအားလုံးကလည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှကိုဖြစ်မယ်ဆိုတဲ့ဟာကို လက်ခံလာအောင် ကျွန်တော်တို့ ၀ိုင်းကြိုးစားနေကြတယ်။ ယေဘူယျပြောရင် သူတို့ကလည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်ချက်တွေရှိတယ်ဆိုတာကို ၀န်ခံထားပြီးသား။ အဲဒီတော့ ပြင်ရမယ်ဆိုတဲ့ဟာပေါ်မှာ သဘောထားကွဲလွဲတယ်လို့တော့ ကျွန်တော်တော့ မမြင်ဘူး။ သို့သော် ဘယ်လောက်ပြင်မလဲ၊ ဘယ်ကာလမှ ဘယ်လောက်ပြင်မလဲဆိုတဲ့ဟာကို ညှိနှိုင်းရမယ်။ အဲဒီတော့ အဲဒီလို ဆွေးနွေးညှိနှိုင်းတဲ့ကိစ္စ ယုံကြည်မှုတည်ဆောက်တဲ့ကိစ္စအပေါ်မှာပဲ မူတည်တယ်။ ဆိုတော့ ယုံကြည်မှု တည်ဆောက်တဲ့ ကာလဆိုတာကလည်း တစ်ထိုင်တည်းနဲ့ ရာခိုင်နှုန်းပြည့် ယုံကြည်သွားပြီလို့ ပြောလို့မရဘူး။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာကလည်း တစ်ထိုင်တည်းနဲ့ ပြင်ချင်သမျှအားလုံးကို တစ်ထိုင်တည်း ပြင် လို့ရတယ်လို့လည်း ပြောလို့မရဘူး။ ဒါကြီးက ဖြစ်စဉ်ကြီး အဲဒီတော့ ယုံကြည်မှု တည်ဆောက်မှု များလာတာနဲ့အမျှ ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာလည်း ပမာဏကြီးလာမယ် အားကောင်းလာမယ်။ အဲဒီတော့ ယုံကြည်မှု တည်ဆောက်တဲ့ ပမာဏနည်းလာရင် မယုံကြည်ဘူးဆိုတာနဲ့ လူတွေက ဘယ်လိုလဲဆိုတော့ ကိုယ့်ရဲ့လုံခြုံရေးကိုပဲ ကိုယ်ပြန်စဉ်းစားတယ်။ ယုံကြည်မှုမရှိဘူးဆိုရင် လူတွေအားလုံးဟာ လုံခြုံရေး ရှုထောင့်ကိုပဲ ပြန်ရောက်သွားတယ်။ အဲဒီလိုဆိုရင် တစ်ယောက်နဲ့တစ်ယောက်ထိတွေ့နိုင်မှုဟာ ဝေးသွားတယ်။ အဲဒီတော့ ကျွန်တော်တို့က ယုံကြည်မှုတည်ဆောက်ရေးဟာ အရေးကြီးတယ်။ ယုံကြည်မှုတည်ဆောက်နိုင်လေလေ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းတွေ များလာလေလေပဲ။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ် တစ်ခုလုံးထဲမှာ အကျုံးဝင်တယ်။ တစ်ဖက်က အခု အပစ်အခတ်ရပ်စဲရေး နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေလုပ်ဖို့ ကြိုးစားနေတဲ့ ဖြစ်စဉ်ရှိတယ်။ လွှတ်တော်က ဒီလက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ရေးကော်မတီဖွဲ့ပြီးတော့ အကြံဉာဏ်တောင်းထားတာတွေရှိတယ်။ အဲဒါတွေကို ဖြစ်စဉ် တစ်ခုလုံးကို တိုင်းရင်းသားပါတီ လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က လာရှိုးညီလာခံ၊ တောင်ကြီးညီလာခံ၊ လိုင်ဇာညီလာခံ ဒါကျွန်တော်တို့ ၈၈ အင်အားစုတွေ ပေါင်းပြီးတော့ ကျွန်တော်တို့ ငွေရတုအခမ်းအနားမှာ ဆုံပြီး ဆုံးဖြတ်ထားတာတွေရှိတယ်။ အဲဒီဖြစ်စဉ်တွေအား လုံးကို ပေါင်းစပ်ပြီးတော့ ဆွေးနွေးရရှိတဲ့အဖြေကို လွှတ်တော်ထဲမှာ တရားဝင်ရောက် အောင် ကျွန်တော်တို့ ကြိုးစားကြရမယ်။ အဲဒီလို နည်းနဲ့ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မယ်လို့ ကျွန်တော်တော့ယုံကြည်တယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာ့ခေတ်

No comments:

Post a Comment