20.12.2013
ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေအတွင်း ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးတွင် လက်နက်ကိုင်တပ်ဖွဲ့ အားလုံးပါဝင်မည့် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းရန် စီစဉ်ထားကြောင်း KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်ရန် ယင်းသို့ စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“တိုင်းရင်းသား လက်နက်ကိုင်တွေ တွေ့ဆုံပွဲကနေပြီး အခြေခံဥပဒေ ပြင်ဆင်ဖို့ကို သက်ဆိုင်ရာ ဥပဒေ ပညာရှင်တွေပါတဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ လိုအပ်ပါတယ်” ဟု ၎င်းကရှင်းပြ ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်မှ လွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦး ပါဝင်သော အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ တစ်ရပ်ကို ဇူလိုင်လအတွင်း ဖွဲ့စည်းထားသည်။
အဆိုပါ ကော်မတီမှ အခြေခံဥပဒေ လေ့လာ တွေ့ရှိချက် များကို ပြည်ထောင်စု လွှတ်တော်သို့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပေးပို့ရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ဘုံသဘော တူညီချက်တစ်ခု ချမှတ်နိုင်ရန် ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်အတွင်း KNU ဌာနချုပ် ဝါးလေးစခန်းတွင် ပြုလုပ်မည် ဖြစ်ကြောင်း KNU မှထုတ်ပြန် ကြေညာထားသည်။
The Voice Weekly
No comments:
Post a Comment