address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 8, 2014

ကယားပြည်နယ် အစိုးရအဖွဲ့ထံ ကယန်း တိုင်းရင်းသား ဘာသာစကား သင်ကြားပေးသူ ဆရာ၊ ဆရာမများအတွက် အပိုဆောင်းငွေ တောင်းခံ



ကယားပြည်နယ်တွင်း အခြေခံပညာ သင်ကျောင်းများတွင် တာဝန် ထမ်းဆောင်နေသူ ဆရာ ဆရာမများနှင့် တိုင်းရင်းသား ဘာသာစကား သင်ကြားပေးနေသည့် ဆရာ ဆရာမများအတွက် ဘာသာစကား
သင်ကြားပေးမှုအတွက် အပိုထပ်ဆောင်းငွေအဖြစ် သုံးသောင်း ထပ်တိုးပေးရန် ပြည်နယ် အစိုးရထံတွင် တောင်းခံထားကြောင်း ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟို ကော်မတီထံမှ သိရသည်။
“တရားဝင် ခန့်ထားတဲ့ ဆရာတွေရော၊ စေတနာနဲ့ သင်ပေးနေတဲ့ ဆရာတွေရော အဆင်ပြေအောင် တောင်းဆိုတာပါ” ဟု ဥက္ကဋ္ဌ ဦးပေါလုချမ်းက ဆိုသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်း ပြည်ထောင်စုလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီ ရောက်ရှိလာချိန်မှသာ ကယန်းစာပေနှင့် ပတ်သက်သည့် စာတမ်းကို တင်ပြခဲ့ပြီး သင်ကြားခွင့် ရရှိခဲ့ကာ၊ အပိုဆောင်း ခံစားခွင့်ပေးရန် ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီက ကယား ပြည်နယ် အစိုးရကို ၂၀၁၃ ခုနှစ်ကုန်တွင် စတင် တောင်းဆိုခဲ့သော်လည်း အကြောင်းပြန်ကြားမှု မရှိသေးကြောင်း အဆိုပါ ကော်မတီ ဥက္ကဋ္ဌ ဦးပေါလုချမ်းက ပြောကြားသည်။

“ဆရာ ဆရာမတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ ခန့်ထားရေးနဲ့ သူတို့ရဲ့ ပြောင်းရွှေ့ရေး ကိစ္စကို ပြည်နယ်အစိုးရကပဲ ဆောင်ရွက်မှာ ဖြစ်တဲ့ အတွက် အခြေခံပညာ ကဏ္ဍနဲ့ ကျန်းမာရေးတွေမှာ အဆင်ပြေအောင် ဆောင်ရွက်သွားမှာပါ” ဟု ပြည်နယ်အစိုးရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ဦး ကဆိုသည်။ 

ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟို ကော်မတီသည် ပြည်ထောင်စုအစိုးရက ထပ်ဆောင်းဘာသာများ သင်ကြားခွင့် မပြုမီကတည်းက ကိုယ်ထူကိုယ်ထ စနစ်ဖြင့် သင်ကြားခဲ့ကြပြီး လက်ရှိအချိန်တွင် ထပ်ဆောင်းဘာသာ သင်ကြားရန် ဆရာ၊ ဆရာမ ငါးရာဦး နီးပါးရှိပြီ ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။ 
အခြေခံပညာ ကျောင်းများတွင် သင်ကြားနေသော ကယန်းစာပေတွင် အင်္ဂလိပ်အက္ခရာကို အခြေခံ ရေးဆွဲထားကာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန် ရည်ရွယ်ထားကြောင်း ကယန်းလူမျိုး ဦးနန်းရီက ပြောဆိုသည်။

ကယန်း ဘာသာစကား သင်ကြားနေသော အခြေခံပညာ စာသင်ကျောင်းများမှာ ဖယ်ခုံမြို့နယ်တွင် ကျောင်းနှစ်ရာ နီးပါး၊ ဒီမော့ဆို မြို့နယ်တွင် ၆၁ ကျောင်း၊ လွိုင်ကော် မြို့နယ်တွင် ၃၄ ကျောင်း၊ သံတောင် မြို့နယ်တွင် ၃၀ နီးပါးနှင့် မန္တလေးတိုင်းဒေသကြီး အနောက်ပိုင်း ပျဉ်းမနားမြို့နယ်တွင် ၁၅ ကျောင်းခန့် ရှိကြောင်း ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီထံ စုံစမ်းသိရှိရသည်။

ကယန်းစာပေကို ၁၉ ရာစုကတည်းက တစ်မျိုးတည်း ဖြစ်ရန် ပညာရှင်များ ကြိုးစားခဲ့ကြပြီး ယခင်အချိန်များက ကယန်းစာပေတွင် ကြက်ယက်စာ၊ မြန်မာစာကို အခြေခံသည့်စာနှင့် ကက်သလစ် ဘုန်းကြီးမှ အင်္ဂလိပ် ရောမဂဏန်း ၅ လုံးကို အခြေခံသည့် စာများကို အသုံးပြုခဲ့ကာ တိကျသည့် ကယန်းစာပေ တစ်မျိုးတည်း ဖြစ်ရေးအတွက် ၂၀၀၀ ပြည့်နှစ် ဧပြီလတွင် ကယန်း တိုင်းရင်းသား ခေါင်းဆောင်များ စုစည်း၍ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ ဧပြီလ ၁၀ ရက်နေ့တွင် အင်္ဂလိပ်စာကို အခြေခံသည့်စာကို ရွေးချယ်ခဲ့ကြောင်း ယင်းနေ့မှာပင် စာပေယဉ်ကျေးမှု ဗဟိုကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့ကို ကယန်း အမျိုးသားနေ့ဟု အသိအမှတ် ပြုခဲ့ကာ ယခုအချိန်ထိ ကျင်းပလာသည်မှာ ၁၃ နှစ်ရှိပြီ ဖြစ်ကြောင်းလည်း ယင်းကော်မတီထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment