address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 8, 2014

လူကုန်ကူးခံရသူများ လမ်ကြောင်းသိပြီး လူကုန်ကူးမှုကို ဦးဆောင်နေဟုဆို

မန္တလေး။ ။ လူကုန်ကူးမှုတွင် လူကုန်ကူးခံရဖူးသူများက လမ်းကြောင်းသိကာ ဦးဆောင်မှုပြုနေသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(မန္တလေး)မှ ရဲအရာရှိတစ်ဦးက ဇန်န၀ါရီလ ၈ရက်တွင်
မဇ္ဈိမကိုပြောသည်။

“လူကုန်ကူးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သူတွေက လူကုန်ကူးမှုလမ်းကြောင်းတွေကို သိရှိနေတဲ့အတွက် လူကုန်ကူးမှုတွေကို ဦးဆောင်လုပ်နေတာတွေ ရှိပါတယ်။ ဒါကြောင့် လူကုန်ကူးခံရဘူးသူတွေကို ဒေသဆိုင်ရာတာဝန်ရှိသူတွေက စောင့်ကြည့်ဖို့၊ ရှောင်ဖယ်မနေနဲ့ တန်းတူပေါင်းသင်းဆက်ဆံပေးဖို့ကို အသိပညာပေးနေရပါတယ်" ဟု ၄င်းကပြောသည်။

ထိုသို့ လူကုန်ကူးမှုများတွင် ယခင်လူကုန်ကူးခံခဲ့ရသူများက ဦးဆောင်နေသည့်အတွက် အသိပညာပေးမှုများအပြင် မန္တလေးတိုင်းဒေသကြီးအတွင်း နယ်မြေအလိုက်၊ ရပ်ကွက်အလိုက် ရပ်ကျေးစောင့်ကြည့်ရေး အဖွဲ့များနှင့် လစဉ်သတင်းပေးရဲတပ်ဖွဲ့များက ဈေးများ၊ ကားဂိတ်များတွင် အသိပညာပေး လက်ကမ်းစာစောင်များ၊ အသိပညာပေး ဟောပြောခြင်းများကို ပြုလုပ်ပေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးတွင် လူကုန်ကူးခံရသူများသည် တရုတ်နိုင်ငံနယ်စပ်တွင် နေထိုင်သော မသန်စွမ်းသူများ၊ အလုပ်ကြမ်းလုပ်ကိုင်သူများနှင့် စိတ်မနှံ့သူများထံ အမျိုးသမီးများကို အများဆုံး ရောင်းချနေပြီး အများစုမှာ အသက်အရွယ်၃၅နှစ်အောက် အမျိုးသမီးများဖြစ်သည်။ မိန်းကလေးတစ်ဦးလျှင် ကျပ်သိန်း ၃၀ မှ ၁၀၀ ၀န်းကျင်ရှိကြောင်း လည်းသိရသည်။

ရောင်းစားခံရသူ အများစုသည် အသိပညာနည်းပါးသူများဖြစ်ပြီး မိန်းကလေးများကို ထိုက်တန်သော လုပ်ခလစာများ ပေးမည်ဟု ဆိုကာ မက်လုံးပေး စည်းရုံးမှုများကြောင့် လူကုန်ကူးခြင်း ခံခဲ့ရကြောင်း အဆိုပါတပ်ဖွဲ့စု၏ စာရင်းများတွင် ဖော်ပြထားသည်။

လက်ရှိ မန္တလေးတိုင်းအတွင်း ၂၀၁၃ခုနှစ်က လူကုန်းကူးခံရမှု ရှစ်မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူ ၁၃ဦးအနက် တစ်ဦးကို ဖမ်းဆီး မရရှိသေးဘဲ ကျန်၁၂ဦးတွင် ဆယ်ဦးမှာ အမျိုးသမီးများဖြစ်သည်။

လူကုန်းကူးခံရသူများကို အရေးယူမှုများအဖြစ် အနည်းဆုံး ထောင်ဒဏ်၁၀နှစ်နှင့် ပြစ်မှုဆိုင်ရာ ဥပဒေ တစ်ခုခုအား ကျူးလွန်ပြီး ထောင်ဒဏ်လေးနှစ်အထက် ကျခံရလျှင် ပြစ်မှုနှစ်ခုပေါင်းကာ သေဒဏ်အထိ ချမှတ်နိုင်ကြောင်း လူကုန်ကူးမှုဥပဒေများတွင် ပြဌာန်းထားရှိသည်။

မျိုးသန့်
Mizzima - News in Burmese

No comments:

Post a Comment