address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 23, 2013

ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာလခရီးစဉ်များ ဖျက်သိမ်း


23.12.2013

ခြေထောက်နှစ်ဖက်စလုံးကို အသေးစားခွဲစိတ်မှုပြုလုပ် ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဇန်န၀ါရီလ အတွင်း စီစဉ်ထားသည့် ခရီးစဉ်များကို ဖျက်သိမ်းလိုက်ပြီး အခြေခံဥပဒေဆိုင်ရာ လူထုတွေ့ဆုံပွဲ ခရီးစဉ် များကို ဒီဇင်ဘာလကုန် ဆေးစစ်ချက်ပေါ်အခြေခံ၍ ဆက်လက် လုပ်ဆောင်သွားမည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက မဇ္ဈိမကို ပြောသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်နှင့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ဖွဲ့စည်းထားသည့် အမျိုးသားကျန်းမာရေးကွန်ရက်၏ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာတင်မျိုးဝင်းက လည်း “ဒေါ်အောင်ဆန်းစုကြည်အား ခြေထောက် အသေးစားခွဲစိတ်မှုပြုလုပ်ပြီး ငါးရက်မြောက်နေ့တွင် ခွဲ စိတ်မှုအခြေအနေများအားလုံး ကောင်းမွန်နေပါသော်လည်း ကြာရှည်စွာမတ်တတ်ရပ်ရန်၊ လမ်းလျှောက် ရန် မသင့်လျော်သေးသည့်အတွက် ယခုလကုန်အထိ ခရီးစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ကြောင်း” ဒီဇင်ဘာ ၂၁ ရက် ညက အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ အသိပေးကြေညာချက်အရ ဒီဇင်ဘာ ၂၉ ရက်တွင် ပြုလုပ်မည့် ဧရာဝတီတိုင်း၊ မအူပင်မြို့ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မည့် ခရီးစဉ်အား ကျန်းမာရေးအခြေအနေကြောင့် ဖျက်သိမ်းလိုက်သည်။

ယင်းအပြင် လာမည့် ဇန်န၀ါရီ ၆ ရက်တွင် သွားရောက်မည့် စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ် ခရီးစဉ်များမှာလည်း ကျန်းမာရေးအခြေအနေအရ အပြောင်းအလဲရှိနိုင်သည်ဟု ဦးကြည်တိုးက ပြော သည်။

“ခရီးစဉ် ဖျက်သိမ်းတာကတော့ လကုန်အထိပါပဲ။ ချင်းပြည်နယ်ခရီးစဉ်ကတော့ လကုန်ပြီးလို့ ဆေးစစ် ချက်အရ ဆက်လုပ်မှာပါ”ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ခြေမအဆစ်နှင့် ခြေဖ၀ါး ဆက်ထားသောနေရာတွင် ခြေချောင်းအချင်းချင်း အတွင်းသို့ ယိုင်သွားသည့်အခါ နာသောကြောင့် ခြေနှစ်ဖက်စလုံးကို ဒီဇင်ဘာ ၁၆ ရက်က အာရှတော် ၀င်ဆေးရုံတွင် အသေးစား ခွဲစိတ်ခဲ့ရခြင်းဖြစ်ကာ ရောဂါအမည်မှာ Bunion ဖြစ်သည်။

အဆိုပါခွဲစိတ်မှုအတွက် ဒီဇင်ဘာ ၁၆ ရက် နံနက် ၆ နာရီတွင် အာရှတော်ဝင်ဆေးရုံတွင် စတင်တက် ရောက်ပြီး ၇ နာရီခွဲမှ ၉ နာရီအထိ ခွဲစိတ်မှုပြုလုပ်ကာ ထိုနေ့ည ၇ နာရီဝန်းကျင်မှာပင် ဆေးရုံမှ ဆင်းခဲ့ သည်။ လက်ရှိအချိန်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် အနားယူလျက်ရှိနေသည်။

Mizzima - News in Burmese

No comments:

Post a Comment